ဆိုရှယ်ဒီမိုကရေစီသဘောတရား

နော်ဇိုး

ဆိုရှယ်ဒီမိုကရေစီသဘောတရားကို ပြောသည့်အခါ အခြေခံအားဖြင့် ရှုထောင့်သုံးရပ်ကနေ ကြည့်ပြီး ပြောလေ့ရှိသည်။ လက်တွေ့နိုင်ငံရေးအမြင်အရလည်း အဆိုပါအချက်များကို အခြေခံကြသည်။ ယင်းတို့မှာ –

• ဒီမိုကရေစီစနစ်တစ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်းဝင်အားလုံး၏အကျိုးကို အခြေခံမှု။

• လူမှုတန်းတူရေးပေါ် အခြေခံမှု။

• လူမှုဈေးကွက် စီးပွားရေးအပေါ် အခြေခံမှု တို့ဖြစ်သည်။

ခေတ်ပြိုင်နိုင်ငံရေးသဘောတရားတွင် ဆိုရှယ်ဒီမိုကရေစီဝေါဟာရကို ဒီမိုကရေစီသဘောတရား တစ်ရပ်၏ အခြေခံအယူအဆအဖြစ်လည်းကောင်း၊ နိုင်ငံရေးသဘောတရား လမ်းစဉ်တစ်ရပ်၏ သွင်ပြင်လက္ခဏာကို ညွှန်းဆိုရာအဖြစ်လည်းကောင်း သုံးနှုန်းလေ့ရှိသည်။ အဆိုပါ အသုံးအနှုန်း ပုံစံနှစ်ရပ်သည်လည်း နည်းအမျိုးမျိုးဖြင့် အပြန်အလှန် ဆက်နွယ်နေကြသည်။

Continue reading

Advertisements

မင်းမဲ့ဝါဒ

သက်နိုင်

၁၉ ရာစု အစောပိုင်းလောက်မှာ မင်းမဲ့ဝါဒကို ပညာတတ်အချို့က စိတ်ဝင်စားစွာ သိပ္ပံနည်းကျ တည်ဆောက်ဖို့ အားထုတ်ခဲ့ကြပါတယ်။ သဘောတရားနဲ့ လက်တွေ့ညီညွတ်အောင် မပေါင်းစပ်နိုင်ခဲ့ပေမယ့် စိတ်ကူးယဉ်ဝါဒသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ အလုပ်သမားထုနဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သြဇာသက်ရောက်မှုတော့ ရှိခဲ့ပါတယ်။ ၁၈၆၄ ခုနှစ် စက်တင်ဘာ (၂၈)ရက်နေ့မှာ ပထမအင်တာနေရှင်နယ် (First International) လို့ ခေါ်တဲ့ ကမ္ဘာ့အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကြီး(International Workingmen’s Association) IWA ကို အင်္ဂလန်မှာ ဖွဲ့စည်းတော့ ဗြိတိသျှသမဂ္ဂလို စီးပွားရေးသီးသန့်ဝါဒနဲ့ လွတ်လပ်သော နိုင်ငံရေးအယူအဆရှိသူတွေ၊ ဆွစ်ဇာလန်လို လူမှုရေးဝါဒသမားတွေ၊ ဘယ်လ်ဂျီယံနိုင်ငံလို တဦးချင်း အရင်းအနှီးပိုင်ဆိုင်ရေးဝါဒီတွေ၊ ပြင်သစ်လို အပြန်အလှန်ရိုင်းပင်းကူညီရေးဝါဒခံယူသူတွေနဲ့အတူ ရုရှားမှ ဘာကူနင် (Bakunin) (၁၈၁၄-၇၆) ဦးဆောင်တဲ့ မင်းမဲ့ဝါဒီတွေ ပါဝင်ခဲ့ပါ တယ်။ ဒီအဖွဲ့ချုပ်ကြီးမှာ ကားလ်မတ် ပြင်ဆင်ရေးဆွဲတဲ့ အထွေထွေလုပ်ငန်းစဉ်မူကြီးကို လက်ခံ အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

Continue reading

အရင်းရှင်သစ်၏ အနရ္တာယ် ငါးရပ်

သမာသမတ်

အရင်းရှင်သစ်ဆိုသည် မည်သည်ကို ရည်ညွှန်းထားသနည်း။ ဤစာစုကိုနားလည်ရန်အတွက် ဤဝေါဟာရကို ပထမရှင်းလင်းခဲ့ရမည်။ အရင်းရှင်သစ်ဆိုသည်မှာ Neoliberalism ကို မြန်မာ့နားနှင့် ဆီလျော်အောင် မြန်မာမှုပြုလိုက်ခြင်းဖြစ်သည်။ Neo ၏အဓိပ္ပါယ်မှာ အသစ်၊ liberalism ၏ အဓိပ္ပါယ်ကိုမူ အရင်းရှင်ဟု လွယ်ကူအောင် ဘာသာပြန်ပေးလိုက်သည်။ ဤအတွက် အကြောင်းရှိပါသည်။

Continue reading

လစ်ဘရယ်ဒီမိုကရေစီ နှင့် အတွင်းအန္တရာယ်နှစ်ပါး

ရဲနွယ်မိုး

ယခု ၂၁ရာစု ပထမဆယ်စုနှစ်မှာ ကမ္ဘာ့ဒီမိုကရေစီအင်အားစုများအတွက် အားတက် ပျော်ရွှင်စရာ သိပ်မရှိလှပါ။ ပြီးခဲ့တဲ့ ၂ဝရာစု နောက်ဆုံး နှစ်အစိတ်အတွင်းမှာ ကမ္ဘာ့အနှံ့ဒီမိုကရေစီတိုးတက်မှု စန်းပွင့်မှုတွေ မကြုံဖူးအောင် ရှိခဲ့ပေမယ့်လည်း၊ အခုရာစုသစ်အစမှာတော့ ဒီမိုကရေစီလဆုတ်ရက်တွေနဲ့ စိတ်ပျက်ဖွယ်အတိ ဖြစ်နေရပါတယ်။ ဒီမိုကရေစီပျံနှံ့မှုတွေအငွေ့ပျယ်သွားပြီး၊ ဒီမိုကရေစီ ဆုတ်ယုတ်ကျဆင်းမှု အရိပ်အယောင်တွေကိုတောင် မြင်တွေ့လာကြရပါတယ်။

ရာစုသစ်အစမှာ ၂ဝဝဝခုနှစ် ဆာဘီးယားရဲ့ ဘူးဒိုဇာ (bulldozer)၊ ၂ဝဝ၃ ဂျောဂျီယာရဲ့ နှင်းဆီ၊ ၂ဝဝ၄ ယူကရိန်းရဲ့ လိမ္မော်၊ ၂ဝဝ၅ ကာဂျစ်စတန်က ကျူးလစ်ပ်(tulip) ဆိုတဲ့ သွေးမထွက်သော အရောင်တော်လှန်ရေး (colour revolution) အောင်ပွဲတွေဖြင့် ဒီမိုကရေစီ မျှော်လင့်ချက် ရောင်ခြည် သန်းခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာကိုပဲ နောက်ပိုင်း စိတ်ပျက်စရာတွေက တပုံတပင် ပေါ်ထွက်လာပါတယ်။

Continue reading

ဆော့ဖ်ပါဝါ၊ စမတ်ပါဝါနှင့် ခေါင်းဆောင်မှု

ရဲမြင့်ကျော်

တောင်ကိုရီးယားသည် သူ့အိမ်နီးချင်း မြောက်ကိုရီးယားနှင့် အတော်ကို ခြားနားလာခဲ့ပြီ။ ကမ္ဘာရေးရာများတွင် အရေးပါအရာရောက်လာသည်။ တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဖြစ်နေသည်။ လာမည့် ‘ဂျီ-၂ဝ’ စက်မှုထိပ်သီးနိုင်ငံများ အစည်းဝေးကို ဆိုးလ်မြို့တော်တွင် ကျင်းပလိမ့်မည်။ တောင်ကိုရီးယားက ဥရောပသမဂ္ဂနှင့်လည်း လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်လက်မှတ်ထိုးထားပြီး ဖြစ်သည်။

ဒီလို စင်ပေါ်ကို လွယ်လွယ်နဲ့ ရောက်လာတာတော့ မဟုတ်။ တိုင်းပြည်တစ်ပြည်ရဲ့ ကံကြမ္မာကို ပထဝီအနေထားက အဆုံးအဖြတ်ပေးသည်ဆိုလျှင် တောင်ကိုရီးယားအခြေအနေမှာ ချည့်နဲ့သိမ်ငယ်စရာ။ အမြဲအားပြိုင်နေကြသည့် တရုတ်၊ ဂျပန်၊ ရုရှား မဟာနိုင်ငံကြီး သုံးနိုင်ငံအကြား ညှပ်နေသည့် ပိစိကွေးဒေသလေး။

Continue reading

၂၁ ရာစု ဒီမိုကရက်တစ် ပင်ကိုယ်သိစိတ်

(၂ဝ၁ဝ ခုနှစ် ဧပြီလ၊ ဂျာကာတာ၌ ကျင်းပသော ‘ကမ္ဘာ့ဒီမိုကရေစီလှုပ်ရှားမှု’ညီလာခံတွင် အင်ဒိုနီးရှားသမတ ဆူစီလို ဘမ်ဘန် ယာဒ်ဟိုယိုနို ပြောကြားခဲ့သော မိန့်ခွန်း)

 

ဂျာကာတာ အစည်းအဝေးကို တက်ရောက်လာတဲ့ လူကြီးမင်းများအားလုံးကို အင်ဒိုနီးရှား အစိုးရနဲ့ ပြည်သူလူထုကိုယ်စား နွေးထွေးစွာကြိုဆိုခွင့်ရလို့ ကျနော် ကျေနပ်အားရမိပါတယ်။ တကမ္ဘာလုံးမှ ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ဝင်များ အခုလို စုစည်းမိကြတာ လေးစားဂုဏ်ယူစရာ ဖြစ်ပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေးအတွက် နေရာအနှံ့ မနားတမ်း ဆောင်ရွက်နေကြတဲ့ ဒီက မိတ်ဆွေများကို ကျနော် မချီးကျူးဘဲ မနေနိုင်ပါဘူး။

ကျနော်တို့ဟာ စိန်ခေါ်မှုတွေအတိပြည့်နှက်နေတဲ့ ကာလကို ရင်ဆိုင်နေရပါတယ်။ တဖက်ကလည်း နှစ်ဆယ်ရာစု ဒုတိယတစ်ဝက်မှာ ထူးခြားတဲ့ ဒီမိုကရေစီ ဖြစ်ထွန်းကျယ်ပြန့်မှု လမ်းကြောင်းတွေ မြင်တွေ့ခဲ့ကြရပါတယ်။ မတူခြားနားတဲ့ နည်းလမ်းအဖုံဖုံနဲ့ ဥရောပ၊ အာရှ၊ အာဖရိက၊ လာတင်အမေရိက ဒေသတွေမှာ ဒီမိုကရေစီနိုင်ငံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ဒီမိုကရေစီ တတိယလှိုင်းဟာ ၁၉၉၇ ခုနှစ်မှာ အင်ဒိုနီးရှားကိုလည်း ရိုက်ခတ်ခဲ့ပြီး၊ ကျနော်တို့ အတွက် အပြောင်းအလဲတွေ သယ်လာပေးခဲ့ပါတယ်။

ရလဒ်က အဲဒီလှိုင်းရဲ့ မဟာဗျူဟာ ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုအကျိုးဆက်များနဲ့အတူ ကမ္ဘာ့နိုင်ငံရေးမြေပုံဟာ ထူးထူးခြားခြား ပြောင်းလဲခဲ့ပါတယ်။ အာရှဒေသဆိုရင် အရင် ဆယ်စုနှစ်ဟောင်းများမှာ ဒီမိုကရေစီဆိုလို့ ဂျပန်တစ်နိုင်ငံတည်း ရှိခဲ့တာပါ။ ဒါပေမယ့် ဒီကနေ့ အာရှဟာ ဒီမိုကရေစီနိုင်ငံများမှီရာတည်ရာ အိမ်ဖြစ်လို့နေပါပြီ။

Continue reading

အာရပ်တော်လှန်ရေး၊ အလုပ်လက်မဲ့လူငယ်ထု နှင့် နည်းပညာသစ်

ဝင့်ထန်း

တူနီရှားနိုင်ငံတွင် ဘွဲ့ရပြီးစ အလုပ်လက်မဲ့လူငယ်တစ်ဦးရဲ့ သစ်သီးတွန်းလှည်းကို ရဲမေက သိမ်းပြီး ပါးရိုက်လို့ ထိုလူငယ် သူ့ကိုယ်သူ မီးရှို့သတ်သေသွားခြင်းကို မခံမရပ်နိုင် ဖြစ်ရာက ဇန်နဝါရီလထဲတွင် တတိုင်းပြည်လုံး ဆန္ဒပြမှုများဖြစ်လာပြီး တိုင်းပြည်ကို (၂၄)နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမတ ဘန်အလီ ထွက်ပြေးခဲ့ရသည်။ ထိုဖြစ်ရပ်က အာရပ်ကမ္ဘာတခုလုံး တော်လှန်ရေးမီး ကူးစက်သွားပြီး အီဂျစ်၊ ယီမင်၊ ဘာရိန်း၊ လက်ဘနွန်၊ အယ်ဂျီရီးယား၊ အီရန်၊ လစ်ဗျား နိုင်ငံတို့ကို ဆက်တိုက် ရောက်ရှိသွားသည်။ လမ်းတိုင်း နေရာတိုင်းတွင် သက်ဦးဆံပိုင်နဲ့ အာဏာရှင်များကို ပေါ်ပေါ်တင်တင် စိန်ခေါ်နေကြပြီး မူဆလင်ကမ္ဘာမှာ ထူးထူးခြားခြား လွတ်လပ်မှုနဲ့ လစ်ဘာတီ အသံတွေ ပဲ့တင်ညံနေသည်။

ထို တူနီရှားရဲ့ စပယ်တော်လှန်ရေးနဲ့ အီဂျစ်ရဲ့ (၁၈) ရက်ကြာ သမိုင်းဝင် တော်လှန်ရေး အောင်ပွဲတွေက အရှေဥနအလယ်ပိုင်း တစ်ခွင်လုံးမှ လူထုတွေကို နောက်ထပ် အာဏာရှင်တွေ ဖြုတ်ချဖို့ ဆက်တွန်းအားပေးလာသည်။ အရှေ့အလယ်ပိုင်းတွင်သာမကပါ။ တကမ္ဘာလုံးမှလူထုတွေ နိုးကြားလာနေပြီး အုပ်ချုပ်သူတွေရဲ့ ထိုင်ခုံ လှုပ်လာနေသည်။

Continue reading