ပြည်တွင်းစစ်အပြီးပြန်လည်တည်ဆောက်ရေး

ရဲနွယ်မိုး

၂၀ဝ၈ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ ‘ဘားရက် ဟူစိန် အိုဘားမား’ ဆိုတဲ့ လူမည်းတစ်ယောက် အမေရိကန်ပြည်ထောင်စုမှာ သမ္မတဖြစ်ဖို့ မဲအပြတ်အသတ်ရခဲ့တာကြောင့်၊ အဲဒီ့နေ့မှာပဲ အမေရိကန်ပြည်တွင်းစစ်ဟာ အမှန်တကယ်ပြီးဆုံးသွားခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းစစ်ဟာ ၁၈၆၁ ခု၊ ဇူလိုင် (၂၁)ရက်နေ့မှာ ဗာဂျီးနီးယား ပြည်နယ်မှာ စတင်ခဲ့ပြီး၊ နောက်နှစ်ပေါင်း (၁၄၇)နှစ်အကြာမှာ အဲဒီ ပြည်နယ်ရဲ့ မဲပုံးတွေက တဆင့် အဆုံးသတ်နိုင်ခဲ့ပါပြီ။ ဗာဂျီးနီးယားပြည်နယ်ဟာ ကျွန်စနစ်ကိုကောင်းချီးပေးခဲ့ပါတယ်။ ၁၈၆၁ ခုနှစ်မှာ ပြည်ထောင်စုကနေခွဲထွက်ဖို့ကြိုးစားခဲ့တာကြောင့် ပြည်တွင်းစစ်မီးလောင်ခဲ့ပါတယ်။ အခုဗာဂျီးနီးယားက လူဖြူတွေကပဲ အမေရိကန် ပြည်ထောင်စုရဲ့  (၄၄)ဉီးမြောက် သမတအဖြစ် ဒီမိုကရက်ပါတီက လူမည်းဘားရက်အိုဘားမားကို မဲပေးခဲ့ပြီး၊ ပြည်တွင်းစစ်ရဲ့  နောက်ဆုံးစာမျက်နှာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

Continue reading

Advertisements

ဗီယက်နန်ကပေးတဲ့ သင်ခန်းစာ (ဟင်နရီကစ်ဆင်ဂျား)

ဇော်မြင့်ကျော် ဘာသာပြန်သည်

အမေရိကအဖို့တော့ ဗီယက်နမ်စစ်ပွဲဟာ ပြီးခဲ့တဲ့ရာစု ဒုတိယနှစ်ဝက်ပိုင်းမှာ စိတ်မချမ်းမြေ့ဖွယ်ရာအတိနဲ့ ကြိမ်မီးအုံးခဲ့ရတဲ့ ဖြစ်ရပ်ပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဆယ်စုနှစ်တခုခွဲလောက် ဆန်းသစ်တဲ့နိုင်ငံခြားရေးပေါ်လစီ အောင်မြင်မှုကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ မိုးပေါ်ထောင်တက်မတတ်ဖြစ်နေစဉ်မှာ၊ ကျနော်တို့ရဲ့  ဗီယက်နမ်အပေါ် ကိုင်တွယ်မှုက အမေရိကကို သဘောထားကွဲမှုတွေနဲ့ ချန်ထားခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းစစ်ပြီးကတည်းကဆိုရင် ဒါဟာ နောက်ထပ်တိုင်းပြည်အတွင်း အကြီးအကျယ်စိတ်ဝမ်းကွဲမှုကြီးပါပဲ။ တပ်တွေရုတ်သိမ်းအပြီး နှစ်နှစ်အကြာမှာ ကွန်ဂရက်က ဗီယက်နမ်ကိုပေးနေတဲ့ အကူအညီအထောက်အပံ့အားလုံး ဖြတ်ပစ်ခဲ့ပါတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ အမေရိကန်တွေဟာ ဆိုင်ဂုံ (ယခု ဟိုချီမင်းမြို့ တော်) က ကျနော်တို့သံရုံးခေါင်မိုးပေါ်ကနေ ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီ့အချိန်က စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ် ပြဇာတ်ကွက်မျိုး အခုထိ မပေါ်ပေါက်သေးပါဘူး။

Continue reading

တဖက်စောင်းနေသောကမ္ဘာနှင့် ခေါင်းဆောင်မှုပညာ

ဝင်းမြင့်မောင်

ကမ္ဘာ့နေရာအနှံ့မှာ စူးစူးရှရှအော်ဟစ်တောင်းဆိုနေတယ်။ ကမ္ဘာကြီးဟာ ဝေဒနာသည်တစ်ဉီးလို ငြီးတွားနေတယ်။ ကမ္ဘာကြီးမှာ နိုင်ငံရေးရောဂါကပ်ဆိုး ဆိုက်နေတယ်။ အကြောင်းရင်းက အတွေးအခေါ်ပညာရပ်အပေါ်၊ စိတ်ဝင်စားသူနည်းသွားပြီး၊ စီးပွားရေးတွေ ပေါ်မှာပဲ မျိုးဆက်အလိုက် ဇောင်းပေးလာကြတယ်၊ စစ်အေးခေတ်ပြီးတော့ ပိုပြီးအားကောင်းလာတယ်။ အရင်းရှင်စနစ် Capitalism နဲ့ ဒီမိုကရေစီပေါင်းထားတဲ့ အရင်းရှင်ဒီမိုကရေစီရဲ့  အားနည်းချက်ကိုထောက်ပြီး၊ ယှဉ်နန်းလုတဲ့ ကွန်မြူနစ်စနစ်ကလည်း နှစ် ၇၀ အကြာ “နန်း” မရပဲ ပြိုပျက်သွားတဲ့ဘဝ ရောက်သွားတယ်။ အာဏာနဲ့ လူသားရဲ့  အဆက်အစပ်နဲ့ ရလဒ်ကို ထည့်မတွက်တဲ့အမှားကို ကျူးလွန်ခဲ့တယ်။ လူသားသဘာဝကို အရေးပါတဲ့ “ဖက်တာတစ်ခု လို့ လက်မခံဘဲ လိုသလို ပုံသွင်းရနိုင်တယ်လို့ ယူဆခဲ့တယ်။ နိုင်ငံရေးပေါ်လစီထဲ အရာရာကို ထိုးသိပ်ထည့်တဲ့အမှားတွေ လုပ်ခဲ့တယ်။ ကြာတော့ ကွန်မြူနစ်လူ့အဖွဲ့အစည်းဟာ လွတ်လပ်မှု ငတ်မွတ်ပြီး၊ မွန်းကျပ်တစ်ဆို့ရာက ပေါက်ကွဲပြိုလဲသွားရတယ်။ ခုတော့ စစ်အေးခေတ်လွန်နိုင်ငံရေးမှာ အတွေ့အကြုံဆင်းရဲနေတဲ့ နိုင်ငံရေးသမားတွေ ပေါနေတယ်။

Continue reading

ဒီမိုကရေစီ ရေခံမြေခံနဲ့ တစိတ်တည်းပဲလား

မောင်ရင်

ကယ်တင်ရှင် အမေရိကန်

၂၀ဝ၅ တုန်းကကြည့်ခဲ့ဖူးတဲ့ Stealth ဆိုတဲ့ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကားထဲမှာ အမေရိကန်ရေတပ်မတော်ရဲ့  တိုက်လေယာဉ်အုပ်စုကြီး ရန်ကုန်မြို့ လယ်ခေါင်ကို ဝင်တိုက်တဲ့အခန်းပါတယ်။ အဲ့ဒီလေယာဉ်အဖွဲ့က အမေရိကန်ရေတပ်မတော်ကြီးက တီထွင်ထားတဲ့ EDI (Extreme Deep Invader) လို့ လျှို့  ဝှက်သင်္ကေတပေးထားတဲ့ မှတ်ဉာဏ်အတုနဲ့ ထိန်းချုပ်မောင်းနှင်တဲ့ တိုက်လေယာဉ် (Unmanned Combat Air Vehicle) တွေကို လေ့ကျင့်ဖို့ စေလွှတ်ထားတဲ့ အမေရိကန်မရိန်းတပ်သားတွေ။ EDI ဆိုတာက မောင်းတဲ့လူ မပါဘဲ ကွန်ပျူတာစနစ်နဲ့ထိန်းချုပ်တဲ့ တိုက်လေယာဉ်တွေ။ ဒီ EDI လေ့ကျင့်ရေး လုပ်နေစဉ်မှာပဲ ဒီအဖွဲ့ကို အရေးပေါ်တာဝန်ပေးချက်နဲ့ ရန်ကုန်မြို့ ကို ဉီးတည်ပျံသန်းလာတာ။ သူတို့စစ်ဆင်ရေး ရည်ရွယ်ချက်က ရန်ကုန်မြို့ ထဲမှာရှိနေတဲ့ အကြမ်းဖက်သမားတွေရဲ့  ဌာနချုပ်ကို ဝင်တိုက်ဖို့ပဲ။ ဒီစစ်ဆင်ရေးကို အောင်အောင်မြင်မြင် ပြီးဆုံးအောင်တိုက်အပြီးမှာ အဲ့ဒီ တိုက်လေယာဉ် အဖွဲ့ဟာ သူတို့ လာရာ လေယာဉ်တင်ရေတပ်သင်္ဘောကြီးဆီ ပြန်ထွက်ခွာသွားတယ်။

Continue reading

ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် လူထုအခန်းကဏ္ဍ

မော်စီ

ခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းတို့သည် ကိုယ်စားပြု ဒီမိုကရေစီစနစ်ပေါ်ထွန်းစတွင် အခရာကျခဲ့ပြီး၊ လက်ရှိကာလတွင်လည်း အရေးပါနေဆဲ ဖြစ်သည်။ သို့သော် ရေရှည်တည်တံ့မည့် ဒီမိုကရေစီစနစ် တိုးတက်ဖြစ်ထွန်းရေးအတွက်မူ ပြည်သူတို့က မိမိတို့၏လိုလားချက်များ အကောင်အထည်ပေါ်လာစေရန် ခေါင်းဆောင်များ အပေါ် မည်မျှထိထိရောက်ရောက် ဖိအားပေးနိုင်စွမ်း ရှိ မရှိ ဟူသည့်အပေါ် တည်မှီလျှက်ရှိသည်။ ထိုကဲ့သို့ ဖိအားပေးနိုင်စွမ်းဆိုသည်ကလည်း ပြည်သူတို့က သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရှိ အရင်းအမြစ်များအား မည်မျှရယူသုံးစွဲနိုင်သည်၊ မိမိတို့၏ ကိုယ်ပိုင်ယုံကြည်ချက်များ အမြင်များ အယူအဆများအား မည်မျှထုတ်ဖေါ်ကျင့်သုံးပိုင်ခွင့် ရှိသည်ဟူသည့် ပြည်သူများ၏စွမ်းရည်နှင့် လုပ်ပိုင်ခွင့်ပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ စွမ်းရည်နှင့် လုပ်ပိုင်ခွင့် မြင့်မားလာရေး၊ တနည်းအားဖြင့် ပြည်သူ့စွမ်းအားမြှင့်တင်ရေး human empowerment သည် ဒီမိုကရေစီဖေါ်ဆောင်ရေးလုပ်ငန်းစဉ်တွင် အရေးကြီးပေသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများ၏ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကို လေ့လာနေကြသည့် ပညာရှင်တို့၏ ထောက်ပြချက်မှာ ယင်းနိုင်ငံအများစုတွင် ဒီမိုကရေစီ ဖြစ်ထွန်းမှု မရှိခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဒီမိုကရေစီသီဝရီများ၏အဆိုအတိုင်း ပြည်သူလူထု၏ လိုလားချက်များက အစိုးရ၏ဆုံးဖြတ်ချက်များအပေါ် သြဇာသက်ရောက်နေခြင်း မရှိပဲ၊ နိုင်ငံရေးအပေါ်လွှာရှိ ခေါင်းဆောင်များက လူထုဆန္ဒလိုလားချက်များကို အကြီးအကျယ် လစ်လျူရှုနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ သို့ဖြစ်ရာ ဒီမိုကရေစီဖြစ်ထွန်းခြင်း effective democracy ဆိုသည်ကို နားလည်ရန်လိုအပ်လာ၏။

Continue reading

ဒီမိုကရေစီထိုင်းမှိုင်းမှု နှင့် သရဲမရဲစီးနိုင်ငံများ

ရဲမြင့်ကျော်ဘာသာပြန်ဆိုသည်

၁၉၇၄ ခုနှစ်ကစလို့ အခုထိဆိုရင် နိုင်ငံသေးသေးကြီးကြီး စုစုပေါင်း (၉၀)ကျော် ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းခဲ့ကြပါတယ်။ ၂၀ ရာစုအကုန် ၂၁ ရာစု အကူးကိုကြည့် ရင် ကမ္ဘာ့တိုင်းပြည်များအနက် ၆၀ ရာခိုင်နှုန်းက ဒီမိုကရေစီနိုင်ငံများ ဖြစ်လာကြပါတယ်။

၁၉၉၀ နှစ်များမှာ မက္ကစီကိုနဲ့ အင်ဒိုနီးရှားတို့ ဒီမိုကရေစီကူးပြောင်းနိုင်ခဲ့ပြီး ဒီဘက် ရာစု အစပိုင်းမှာပဲ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ သွေးထွက်သံယိုမှုမရှိတဲ့ တော်လှန်ရေးတွေ (Colour Revolutions) နဲ့ ဒီမိုကရေစီကူး ပြောင်းနိုင်ခဲ့ကြပါတယ်။ အာရပ်ကမ္ဘာမှာတောင် ဒီမိုကရေစီအရိပ်အယောင်ကို မြင်တွေ့ခဲ့ရပါတယ်။ ၂၀ဝ၅ ခုနှစ် လက်ဘနွန်ရဲ့  ဒီမိုကရက်တစ် အင်အားစုတွေက ဆီးရီးယားတပ်တွေကို ငြိမ်းချမ်းစွာမောင်းထုတ်နိုင်ခဲ့သလို၊ အီရတ်ပြည်သူတွေလည်း ရာစုဝက်အတွင်း ပထမဆုံး မဲပေးနိုင်ခဲ့ကြပါတယ်။

သို့သော် ဒီမိုကရေစီကူးပြောင်းစ တိုင်းပြည်များရဲ့  အောင်ပွဲဟာ တာရှည်ခံမှု၊ ရင့်ကျက်မှုတွေမရှိဘဲ အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အခုနှစ်တွေအတွင်းမှာ အာဏာရှင်စနစ်ကနေ ပြန်ကြွတဲ့ ဒီမိုကရေစီလှိုင်း နှေးကွေးနေပြီး ကမ္ဘာကြီးဟာ ဒီမိုကရေစီ ဆုတ်ယုတ်ကျဆင်းမှု (Democratic recession) ထဲ လျှောကျသွားနေပါတယ်။

Continue reading

လှိုင်းတွေဘာကြောင့် ဘယ်လိုဖြစ်ခဲ့သလဲ

သိုက်နိုင်ဝင်း

ဒီမိုကရေစီလှိုင်းတွေ ဘာကြောင့်ဖြစ်ပေါ်ခဲ့သလဲ။ ဘယ်လိုဆင့်ကဲဖြစ်ထွန်းခဲ့ကြသလဲ။ အားလုံးသိပြီးတဲ့အတိုင်းပါပဲ။ ဒီမိုကရေစီလှိုင်းဆိုတာ နိုင်ငံတွေအစုလိုက်အပြုံလိုက် ဒီမိုကရေစီစနစ်ဆီ အချိန်ကာလတခုအတွင်းမှာ ကူးပြောင်းလာတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ ပဒေသရာဇ်၊ သက်ဉီးဆံပိုင်ဘုရင်စနစ်၊ ဖက်ဆစ်၊ ကိုလိုနီ၊ တစ်ပါတီကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ စစ်အာဏာရှင်စနစ်စတဲ့ အုပ်ချုပ်မှုပုံစံအမျိုးမျိုးကနေ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်ဟာ စိတ်ဝင်စားဖွယ်ကောင်းသလို၊ အတုယူစရာတွေရှိပါတယ်။ ဒီမိုကရေစီ ကူးပြောင်းရေး ရုန်းကန်ကြိုးပမ်းနေတဲ့ ဖွံ့ဖြိးဆဲနိုင်ငံများအတွက် လေ့လာသင်ခန်းစာ ယူစရာတွေ တင်းကြမ်းပြည့်ဖြစ်ပါတယ်။

သမိုင်းကိုပြန်ကြည့်ရင် တိုင်းပြည်အသီးသီးနဲ့ နိုင်ငံရေးစနစ်အမျိုးမျိုးမှာ တူညီတဲ့ ဖြစ်ရပ်တွေရှိပြီး၊ တပြိင်နက်တည်း တူညီတဲ့ဖြစ်ပျက်မှုတွေ ရှိတတ်ပါတယ်။ ၁၈၄၈ ခုနှစ် ဉရောပတိုင်းပြည်တွေမှာ တော်လှန်ရေးတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ကမ္ဘာ့တိုက်ကြီးများရဲ့  တိုင်းပြည်အများစုမှာ အစိုးရဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်ခဲ့ပါတယ်။ လက်တင်အမေရိကနဲ့ အာဖရိကတိုင်းပြည်တွေမှာ အာဏာသိမ်းပွဲတွေ ခြိမ့်ခြိမ့်သဲပဲ။ ဒီလိုပဲ တိုင်းပြည်တွေ ဒီမိုကရေစီကူးပြောင်းကြပြန်တော့လည်း အုံနဲ့ကျင်းနဲ့တပျော်တပါးကြီး ‘လှိုင်း’ လို့ကို တင်စားကြရတယ်။ ဒါကြောင့် ဒီမိုကရေစီကူးပြောင်းမှုလှိုင်း ပေါ်ပေါက်အောင် တွန်းပို့ပေးတဲ့ နောက်ခံအကြောင်းအရင်းတွေကို လေ့လာဆန်းစစ်ကြည့်သင့်ပါတယ်။

Continue reading