အွန်လိုင်းပေါ်မှ လမ်းကြောင်းသစ် ဖော်ဆောင်နေသူများ

အယ်ဒီတာအဖွဲ့

 

မာ့ခ် ဇာခါဘတ်ဂ် Mark Zuckerberg

ဖေ့စ်ဘွတ်ခ် (Facebook) အွန်လိုင်း လူမှုကွန်ယက် တည်ထောင်သူ အသက် (၂၆)နှစ်ရှိ မာ့ခ်ဇာခါဘတ်ဂ် ကို တိုင်းမ်မဂ္ဂဇင်းကြီးက ၂ဝ၁ဝ ခုနှစ် ‘တစ်နှစ်တာ ထူးခြားထင်ရှားပုဂ္ဂိုလ်’ (Person of the Year) အဖြစ် ရွေးချယ် သတ်မှတ်လိုက်သည်။

တိုင်းမ်မဂ္ဂဇင်းမှာ ကမ္ဘာတလွှားမှ နှစ်စဉ် ထူးခြားထင်ရှားပုဂ္ဂိုလ်များကို ပုံမှန် ရွေးချယ်လေ့ ရှိသည်။ ၁၉၅၂ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်ခဲ့တဲ့ ဗြိတိန်ဘုရင်မ အဲလိဇဘတ် ပြီးလျှင် မာ့ခ်ဇာခါဘတ်ဂ် မှာ အသက်အငယ်ဆုံး ‘တစ်နှစ်တာ ထူးခြားထင်ရှားပုဂ္ဂိုလ်’ အဖြစ် ရွေးချယ်ခံရသူ ဖြစ်လာသည်။

ဇာခါဘတ်ဂ် မှာ လက်ရှိ လူပေါင်း သန်း(၆ဝဝ)ကျော် အသုံးပြုနေတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ကို တီထွင်ခဲ့ပြီး၊ လူ့အဖွဲ့အစည်းများရဲ့ ဆက်သွယ်ရေးနဲ့ ယဉ်ကျေးမှု တိုးတက်စေဖို့ အများကြီး အကျိုးပြုနေတဲ့ လူမှုမီဒီယာကွန်ယက် ဗိသုကာ လူငယ်တစ်ဦးဟု တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

Read more »

စီမံခန့်ခွဲမှုပညာသည်သာ

ဝင်းမြင့်မောင်

လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် လုပ်ရမယ့်အလုပ်ပမာဏ၊ လုပ်ငန်းပြီးမြောက်အောင် လူအား၊ စက်အား၊ ပစ္စည်းကိရိယာ မည်မျှ လိုမယ်။ ကာလသတ်မှတ်ချက်၊ စ ရက်၊ ဆုံး ရက်၊ ကုန်ကျမည့် ငွေကြေးပမာဏ စသည့်တို့ကို တွက်ချက် အစီအစဉ်ရေးဆွဲရပါတယ်။ ဒါကို လုပ်ငန်း အကောင်အထည် ဖေါ်ဆောင်ရေး အစီအမံလုပ်တယ် လို့ ဆိုပါတယ်။ စီမံချက် ရေးဆွဲတယ်လို့ သုံးကြတယ်။

ခု ထိုလုပ်ငန်းကို စီမံခန့်ခွဲတယ် management လို့ သုံးစွဲလာကြပြီး၊ ပညာတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာပါတယ်။ စီမံခန့်ခွဲမှု ပညာရပ်ဟာ ၁၉၅ဝ လောက်မှာ ကဏ္ဍအသီးသီး အရှိန်ယူပြီး တွင်ကျယ်လာတယ်။ မန်နေဂျာဆိုသည့် အခန်းကဏ္ဍ သီးသန့် ပေါ်လာပြီး၊ အလုပ်ပိုင်ရှင် (ငွေရှင်) နဲ့ လိုင်းကွဲသွားပြီး၊ အလုပ်ရှင်က မန်နေဂျာကို ပညာသည်တစ်ဦးလို နေရာပေး ဆက်ဆံလာရတယ်။

Read more »

ပြုံယမ်း ဝါဒဖြန့်ချိရေး

ဝင်းကျော်

အမေရိကန်တွေက ပြောပြီးရင်းပြော တပြောထဲပြော။ မြောက်ကိုရီးယားကလည်း သူ လုပ်ချင်တာပဲ လုပ်မြဲလုပ်။ အနည်းဆုံး သမတကင်ဂျုံအီး အမြဲလုပ်နေတတ်တာက ပြည်တွင်းဝါဒဖြန့်လုပ်ငန်းစဉ်ပေါ့။

ပြုံယမ်းမြို့တော်အနှံ့မှာ မရေတွက်နိုင်တဲ့ ပိုစတာတွေကအပြည့်။ မြောက်ကိုရီးယားတွေရဲ့ ဆုံးဖြတ်ချက်ခိုင်မာပုံက သူရဲဘောကြောင်တဲ့ အမေရိကန်ငပွတွေနဲ့ လုံးလုံးမှမတူတဲ့အကြောင်း။ မြို့လည်က ပိုစတာမြင့်မြင့်ကြီးတစ်ခုမှာ ကိုရီးယားပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက လက်သီးကျစ်ကျစ်ဆုပ် အမေရိကတိုက်မြေပုံကို ဆွဲထိုးရင်း အော်ဟစ်နေတဲ့ ပုံရှိတယ်။ “ကျွန်ုပ်တို့ဟာ တစုံတရာပြောပြီးရင် တကယ်လုပ်တယ်။ အလုပ်မပါ အဆံမပါ ဗလာစကားတွေ ကျွန်ုပ်တို့ မပြော” တဲ့။

Read more »

ဝါဒဖြန့်မှု

ဝင့်ထန်း

ယနေ့ ‘ဝါဒဖြန့်ခြင်း’ ဆိုတဲ့စကားလုံးကို မုသာဝါဒ လိမ်ညာမှုတွေဖြန့်ဖြူးလိုတဲ့အခါမှာ မကြာခဏအသုံးပြုတတ်ကြပါတယ်။ သို့သော် အဲဒီဝါဒဖြန့်ခြင်း (propaganda) ဝေါဟာရကို အမှန်တရားပြန့်နှံ့စေဖို့ ရည်ရွယ်ချက်နဲ့ ရိုမန်ကက်သလစ်ကျောင်းတော်က ဟိုးနှစ်ပေါင်းများစွာက ပထမဆုံး အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပညာရပ်ဝေါဟာရအရဆိုရရင် ဝါဒဖြန့်ခြင်းဆိုတာ လူထုရဲ့ အတွေးအမြင်စိတ်ကူးရှုထောင့်တွေ ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်နဲ့ ရေးထား၊ ပြောထား၊ ဓါတ်ပုံရိုက်ထား၊ ဗွီဒီယိုမှတ်တမ်းတင်ထားတဲ့အရာရာကို ဖြန့်ဖြူးထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဝါဒဖြန့်လုပ်ငန်းကို စစ်ပွဲတွေနဲ့ စစ်ပွဲလိုအခြေအနေတွေမှာ လက်နက်ကရိယာသဖွယ် အသုံးပြုကြပါတယ်။ တနည်းဆိုရရင် ‘စိတ်ပိုင်းဆိုင်ရာစစ်ပွဲ’ (the war of the mind)၊ စိတ်ဓါတ်စစ်ဆင်ရေး (psychological warfare) တို့ရဲ့ လုပ်ငန်းအစိတ်အပိုင်းပါပဲ။

Read more »

လျူရှောင်ဘိုနှင့် တရုတ်ဒီမိုကရေစီ

အောက်ဖော်ပြပါ စာတမ်းမှာ ၂ဝဝ၅ ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့တွင် တရုတ် ကွန်မြူနစ်ပါတီက ဖြန့်ချိတဲ့ ‘တရုတ်ပြည်ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု’  စက္ကူဖြူ စာတမ်းကို လျူရှောင်ဘိုက တုံ့ပြန်ရေးသားထားခြင်း ဖြစ်သည်။ တရုတ်ရဲ့ ဧကရာဇ်စိုးမိုးမှု၊ အာဏာရှင် အုပ်ချုပ်မှု ရှည်လျားတဲ့ သမိုင်းကြောင်းကို စိတ်မကောင်းကြီးစွာ ဖော်ပြရင်း လူထုအတွက် ဘာခြားနားမှုမှ မရှိသေးတာကို တင်ပြထားသည်။ ‘လွတ်လပ်တဲ့ တရုတ်ပြည် ပေါ်ထွက်မှု’မှာ လက်ရှိအာဏာရထားတဲ့သူတွေနဲ့ သူတို့ပေါ်လစီတွေထဲက လာမှာမဟုတ်၊ လူထုပါဝါကနေသာ ပေါ်ထွက်လာမည်ဟု သူ့စာတမ်းကို အဆုံးသတ်ထားသည်။

Read more »

တရုတ်နည်းတရုတ်ဟန်

ဇင်ခိုင်

တရုတ်နည်းတရုတ်ဟန်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတုယူမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ အဲဒီလို အပြောအဆို စိုးရိမ်မှုတွေဟာ တရုတ်နိုင်ငံကို နေမထိထိုင်မသာ ဖြစ်စေပါတယ်။

တရုတ်နိုင်ငံ တာဝန်ရှိသူတွေပြောခဲ့တာက ဧပြီ(၃ဝ)ရက် ရှန်ဟိုင်းမှာ ပြုလုပ်မယ့် ကမ္ဘာ့ကုန်စည်ပြပွဲ (Wold Expo) ဖွင့်ပွဲအခမ်းအနားကို ငွေကုန်ကြေးကျ မများဘဲ ရိုးရိုးရှင်းရှင်းပဲ လုပ်မယ်လို့ ပြောခဲ့ပါတယ်။ သူတို့ပြောသလို မဟုတ်ခဲ့ပါဘူး။ မီးရှူးမီးပန်း၊ လေဆာရောင်ခြည်၊ ရေပန်းတွေနဲ့ အကသမားတွေပါဝင်တဲ့ ဖွင့်ပွဲပြကွက်တွေဟာ ငွေကြေး အလွန်အကျွံ သုံးစွဲခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဘေဂျင်းအိုလံပစ်ဖွင့်ပွဲနဲ့ နင်လား ငါလားပါပဲ။ အစိုးရရဲ့ဆန္ဒနဲ့အညီ တရုတ် တိုးတက်မှု အင်အားကို ထုတ်ဖော်ကြွားဝါခဲ့ပြီး သူတို့မှာ စွဲမက်စရာတွေရှိတယ်ဆိုတာ သက်သေပြ ခဲ့ပါတယ်။ ဆူညံတဲ့ပြကွက်တွေနဲ့ တရုတ်နည်းတရုတ်ဟန်ဆိုတာကို အရှိန်အဝါ မြှင့်တင် ပေးခဲ့ပြီး တကမ္ဘာလုံးကအတုယူအားကျစရာ ဖြစ်တယ်လို့ အတော်များများကို အထင်ရောက်စေခဲ့ပါတယ်။

Read more »

တရုတ်အင်အားအတွက် ပထဝီ

ရဲမြင့်ကျော်

အင်္ဂလိပ်ပထဝီပညာရှင် ဆာဟယ်လ်ဖို့ဒ် မက်ကင်ဒါက ၁၉ဝ၄ ခုနှစ် သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “သမိုင်း၏ပထဝီဆိုင်ရာဆုံချက်” (The Geographical Pivot of History) မှာ တရုတ်ကို သတိထားစရာအဖြစ် ရည်ညွှန်းရင်း အခုလိုရေးခဲ့ပါတယ်။ “အကယ်၍ တရုတ်သည် သူ့နယ်နိမိတ်ကိုကျော်လွန်ပြီး အင်အားချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီးလွတ်လပ်မှုအတွက် အဝါရောင်အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။ အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီးတခုလုံးအထိ ဆွဲဆန့်ထည့်သွင်းလာပြီး၊ ရင်းမြစ်အားလုံးသုံးစွဲရင်း ရုရှားသြဇာမကြီးနိုင်အောင် မျိုချပစ်မည်အထိ ဖြစ်သွားမည်။”

မက်ကင်ဒါ ထောက်ပြတာက ဖြစ်တတ်တဲ့ လူမျိုးရေး အမျိုးသားရေးတွေ ခဏဘေးဖယ်ထား။ ပထဝီအမြင်နဲ့ကြည့်ရင် ရုရှားနဲ့ အခြားယူရေးရှားနိုင်ငံတွေဟာ ကုန်းတွင်းပိုင်း အင်အားကြီးပေမယ့်၊ ပင်လယ်မျက်နှာစာ ချဲ့ကားဖို့အတွက် ရေခဲတွေက ပိတ်ကားထားလို့ အကန့်အသတ် ရှိနေတယ်။ တရုတ်ကျတော့ သဘာဝဆိပ်ကမ်းကောင်းတွေနဲ့ ကမ်းရိုးတန်း ရေမိုင် ၉ဝဝဝ ကျော်ရှိတာမို့၊ ကုန်းပိုင်း ပင်လယ်ပိုင်း အင်အားနှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ မက်ကင်ဒါအနေနဲ့ တရုတ်ဟာ တနေ့နေ့မှာ ရုရှားကိုတောင် လွှမ်းမိုးသွားမှာ သူ စိုးရိမ်ကြောင်း ဖွင့်ပြောထားပါတယ်။

Read more »

ဆိုရှယ်ဒီမိုကရေစီသဘောတရား

နော်ဇိုး

ဆိုရှယ်ဒီမိုကရေစီသဘောတရားကို ပြောသည့်အခါ အခြေခံအားဖြင့် ရှုထောင့်သုံးရပ်ကနေ ကြည့်ပြီး ပြောလေ့ရှိသည်။ လက်တွေ့နိုင်ငံရေးအမြင်အရလည်း အဆိုပါအချက်များကို အခြေခံကြသည်။ ယင်းတို့မှာ -

• ဒီမိုကရေစီစနစ်တစ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်းဝင်အားလုံး၏အကျိုးကို အခြေခံမှု။

• လူမှုတန်းတူရေးပေါ် အခြေခံမှု။

• လူမှုဈေးကွက် စီးပွားရေးအပေါ် အခြေခံမှု တို့ဖြစ်သည်။

ခေတ်ပြိုင်နိုင်ငံရေးသဘောတရားတွင် ဆိုရှယ်ဒီမိုကရေစီဝေါဟာရကို ဒီမိုကရေစီသဘောတရား တစ်ရပ်၏ အခြေခံအယူအဆအဖြစ်လည်းကောင်း၊ နိုင်ငံရေးသဘောတရား လမ်းစဉ်တစ်ရပ်၏ သွင်ပြင်လက္ခဏာကို ညွှန်းဆိုရာအဖြစ်လည်းကောင်း သုံးနှုန်းလေ့ရှိသည်။ အဆိုပါ အသုံးအနှုန်း ပုံစံနှစ်ရပ်သည်လည်း နည်းအမျိုးမျိုးဖြင့် အပြန်အလှန် ဆက်နွယ်နေကြသည်။

Read more »

မင်းမဲ့ဝါဒ

သက်နိုင်

၁၉ ရာစု အစောပိုင်းလောက်မှာ မင်းမဲ့ဝါဒကို ပညာတတ်အချို့က စိတ်ဝင်စားစွာ သိပ္ပံနည်းကျ တည်ဆောက်ဖို့ အားထုတ်ခဲ့ကြပါတယ်။ သဘောတရားနဲ့ လက်တွေ့ညီညွတ်အောင် မပေါင်းစပ်နိုင်ခဲ့ပေမယ့် စိတ်ကူးယဉ်ဝါဒသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ အလုပ်သမားထုနဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သြဇာသက်ရောက်မှုတော့ ရှိခဲ့ပါတယ်။ ၁၈၆၄ ခုနှစ် စက်တင်ဘာ (၂၈)ရက်နေ့မှာ ပထမအင်တာနေရှင်နယ် (First International) လို့ ခေါ်တဲ့ ကမ္ဘာ့အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကြီး(International Workingmen’s Association) IWA ကို အင်္ဂလန်မှာ ဖွဲ့စည်းတော့ ဗြိတိသျှသမဂ္ဂလို စီးပွားရေးသီးသန့်ဝါဒနဲ့ လွတ်လပ်သော နိုင်ငံရေးအယူအဆရှိသူတွေ၊ ဆွစ်ဇာလန်လို လူမှုရေးဝါဒသမားတွေ၊ ဘယ်လ်ဂျီယံနိုင်ငံလို တဦးချင်း အရင်းအနှီးပိုင်ဆိုင်ရေးဝါဒီတွေ၊ ပြင်သစ်လို အပြန်အလှန်ရိုင်းပင်းကူညီရေးဝါဒခံယူသူတွေနဲ့အတူ ရုရှားမှ ဘာကူနင် (Bakunin) (၁၈၁၄-၇၆) ဦးဆောင်တဲ့ မင်းမဲ့ဝါဒီတွေ ပါဝင်ခဲ့ပါ တယ်။ ဒီအဖွဲ့ချုပ်ကြီးမှာ ကားလ်မတ် ပြင်ဆင်ရေးဆွဲတဲ့ အထွေထွေလုပ်ငန်းစဉ်မူကြီးကို လက်ခံ အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

Read more »

အရင်းရှင်သစ်၏ အနရ္တာယ် ငါးရပ်

သမာသမတ်

အရင်းရှင်သစ်ဆိုသည် မည်သည်ကို ရည်ညွှန်းထားသနည်း။ ဤစာစုကိုနားလည်ရန်အတွက် ဤဝေါဟာရကို ပထမရှင်းလင်းခဲ့ရမည်။ အရင်းရှင်သစ်ဆိုသည်မှာ Neoliberalism ကို မြန်မာ့နားနှင့် ဆီလျော်အောင် မြန်မာမှုပြုလိုက်ခြင်းဖြစ်သည်။ Neo ၏အဓိပ္ပါယ်မှာ အသစ်၊ liberalism ၏ အဓိပ္ပါယ်ကိုမူ အရင်းရှင်ဟု လွယ်ကူအောင် ဘာသာပြန်ပေးလိုက်သည်။ ဤအတွက် အကြောင်းရှိပါသည်။

Read more »

လစ်ဘရယ်ဒီမိုကရေစီ နှင့် အတွင်းအန္တရာယ်နှစ်ပါး

ရဲနွယ်မိုး

ယခု ၂၁ရာစု ပထမဆယ်စုနှစ်မှာ ကမ္ဘာ့ဒီမိုကရေစီအင်အားစုများအတွက် အားတက် ပျော်ရွှင်စရာ သိပ်မရှိလှပါ။ ပြီးခဲ့တဲ့ ၂ဝရာစု နောက်ဆုံး နှစ်အစိတ်အတွင်းမှာ ကမ္ဘာ့အနှံ့ဒီမိုကရေစီတိုးတက်မှု စန်းပွင့်မှုတွေ မကြုံဖူးအောင် ရှိခဲ့ပေမယ့်လည်း၊ အခုရာစုသစ်အစမှာတော့ ဒီမိုကရေစီလဆုတ်ရက်တွေနဲ့ စိတ်ပျက်ဖွယ်အတိ ဖြစ်နေရပါတယ်။ ဒီမိုကရေစီပျံနှံ့မှုတွေအငွေ့ပျယ်သွားပြီး၊ ဒီမိုကရေစီ ဆုတ်ယုတ်ကျဆင်းမှု အရိပ်အယောင်တွေကိုတောင် မြင်တွေ့လာကြရပါတယ်။

ရာစုသစ်အစမှာ ၂ဝဝဝခုနှစ် ဆာဘီးယားရဲ့ ဘူးဒိုဇာ (bulldozer)၊ ၂ဝဝ၃ ဂျောဂျီယာရဲ့ နှင်းဆီ၊ ၂ဝဝ၄ ယူကရိန်းရဲ့ လိမ္မော်၊ ၂ဝဝ၅ ကာဂျစ်စတန်က ကျူးလစ်ပ်(tulip) ဆိုတဲ့ သွေးမထွက်သော အရောင်တော်လှန်ရေး (colour revolution) အောင်ပွဲတွေဖြင့် ဒီမိုကရေစီ မျှော်လင့်ချက် ရောင်ခြည် သန်းခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာကိုပဲ နောက်ပိုင်း စိတ်ပျက်စရာတွေက တပုံတပင် ပေါ်ထွက်လာပါတယ်။

Read more »

Follow

Get every new post delivered to your Inbox.